ချင်းမိုင် ဘန်ကောက်အသွားအပြန် ဘတ်၇၀၀
နိုဝင်ဘာလထဲမှာ ခရီးသွားတွေများလွန်းတော့ ချင်းမိုင်ကနေ ဘန်ကောက်ကို လေယဥ်လက်မှတ်ဝယ်ဖို့ ခက်သွားတယ်။ စျေးကြီးတယ်။ အဲတော့ ရထားစီးမယ်ဆုံးဖြတ်ပြီး တပတ်ကြိုတင်ဝယ်မယ်ဆိုပြီး ချင်းမိုင်ဘူတာရုံကိုသွားဝယ်တော့ အိပ်စင်လက်မှတ်တွေ အသွားအပြန် မရှိတော့ဘူးတဲ့။ အဲဒါကတော့ နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ။
အဲယားကွန်းတွဲတွေလည်း ပြတ်လတ်ကုန်ပြီ။ ဆိုတော့ ရိုးရိုးတန်းတခါမှကို မစီးဘူးသေးတော့ ရိုးရိုးတန်းပေါ့။ အသွားအပြန်မှ လက်မှတ်ဖိုးက ဘတ်၇၀၀ ပဲ။
ချင်းမိုင်ကနေ ဘန်ကောက်ကိုအသွားမှာတော့ ဇိမ်ကျတယ်ပြောရမှာပါ။ ပန်ကာနဲ့ အတွဲမှာ စီးရတယ်ဆိုပေမယ့် ရာသီဥတုက အေးနေတဲ့အချိန်မို့ မပူပါဘူး။
မနက်စီးရတဲ့ ရထားပေါ်က အရသာကို လိုချင်တာလည်း ပါပါတယ်။ ဘေးပတ်ဝန်းကျင်က ရှုခင်းစိန်းစိန်းတွေ မြို့ငယ်လေးတွေကို ခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ အရသာ ဒီအရသာကို ဟိုးငယ်ငယ်တုန်းက ရန်ကုန်ကနေ မန္တလေးအမြန်ရထားကို စီးရတာ ပြန်လွမ်းမိပါရဲ့။
ငယ်တုန်းအချိန်ရထားစီးဖူးခြင်းကိုလွမ်းမိ
၁၉၈၀ခုနှစ်အချိန် အငယ်တုန်းက ရန်ကုန် မန္တေလး အမြန်ရထားစီးရတာ မဆိုးလှဘူး ကျနော်တို့အတွက်တော့ ပြောမဆုံးတဲ့ ခရီးလေးတွေပါပဲ။ အခုခေတ်လို ဘတ်စ်ကားကြီးတွေ မရှိသေးတဲ့ အချိန်ဖြစ်တယ်ဆိုတော့ ရထားကိုပဲအမှီပြုရတာပေါ့။ ရထားလက်မှတ်ရဖို့ တညလုံးတန်းစီရတယ်။ အဲလို တန်းစီတာတောင် လက်မှတ်ဝယ်ခါနီးရောက်မှ ကုန်ပြီဆိုတာမျိုး မကြာမကြာကြုံရတယ်။ လက်မှတ်ဝယ်ဖို့ တန်းစီတာတောင် တန်းက အရှည်ကြီး။ ခေတ်ကြီးကိုက မှောင်ခိုခေတ်ကြီးကိုး၊ လူတွေဟာ သမဝါယမဆိုင်မှာလည်း တန်းစီ၊ ရှားမီးသကြားလုံးဝယ်ချင်ရင်လည်း တန်းစီ၊ ရုပ်ရှင်လက်မှတ်ဝယ်ချင်ရင်လည်း တန်းစီ။
ဘုန်းကြီးတွေနဲ့ ပေါင်းသင်းထားနိုင်ရင်တော့ ဆရာကြီးပဲ။ ဘာလို့လည်းဆိုတော့ ဘုန်းကြီးတန်းဆိုပြီး သီးသန့်ရှိတယ်။ နောက်ဆုံးဘုန်းကြီးနဲ့ပေါင်းပြီးဝယ်ရတော့တာပါပဲ။ အပြင်လက်မှတ်ပေါက်စျေးက ၃ ဆလောက်ရှိနေတာကိုး။ ထားပါတော့။
ရန်ကုန်ကနေ မန္တလေးကိုစီးရတဲ့ အမြန်ရထားဟာ အိမ်သာသန့်တယ် စားသောက်တွဲပါတယ်။ တွဲတွေမှာလည်း ထိုင်ခုံတွေကလည်း သန့်တယ်၊ တံခါးတွေကလည်း အပေါ်အောက် အတင်အချ လုပ်လို့ ရသေးတယ်။ ပိုဇိမ်ကျတာက ခရီးစဥ်တခုလုံး အဲဒီအချိန်က ခေတ်စားနေတဲ့ မေဆွိတို့ ကိုင်ဇာတို့ သီချင်းလေးတွေကို ဖွင့်ပေးထားတော့ စိတ်ချမ်းသာရတာပေါ့။ မှတ်မိပါသေးတယ် “ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်၊ ချစ်သမုဒ္ဒရာကြီး ဘယ်လိုကျယ်” ဆိုတဲ့ မေဆွိရဲ့ သီချင်းလေးကို နားထောင်ရင်း အပြင်က ရှုခင်းစိမ်းစိမ်းလေးတွေကို ငေးမောရတဲ့ မြင်ကွင်းဟာ ဘဝမှာ ကြုံဖူးမှသာ သိရတဲ့ အရသာပါ။
ရထားက တနေကုန်စီးရတာဆိုတော့ နေ့လည် ၁၂ ဝန်းကျင်ထမင်းစားမယ်ဆိုရင်လည်း ထမင်းဗူးလေးတွေကို ဖွင့်ပြီး ဝိုင်းစားကြရာကလည်း မမေ့နိုင်တဲ့ အမှတ်တရပါပဲ။ ထမင်းဗူး မပါရင်လည်း ရန်ကုန်ဘူတာကြီးမှာ ဒံပေါက်ဆိုင်ကြီးရှိတယ်။ မွှေးနေတဲ့ ဒံပေါက်တွေကို စက္ကူဗူးတွေနဲ့ ထုတ်ထားပြီးတော့ အချဥ်ဗူးသေးသေးလေးတွေကိုလည်း ပလပ်စတစ်အိပ်ထဲ ထည့်ထားပေးသေးတယ်။ ဒံပေါက်ထဲမှာပါတဲ့ ကြက်ပေါင်ကြီး နဲ့ စားရတာကိုလည်း လွမ်းမိပါရဲ့။
ချင်းမိုင်မှသည် ဘန်ကောက်သို့
အသွားအပြန်ကို ဘတ် ၇၀၀ ဆိုတော့ အိပ်စင်တွဲတွေစျေးနဲ့တော့ ယှဥ်လို့ မရဘူးပေါ့။ အိပ်စင်တွဲက အသွားအပြန်ဆိုရင် ဘတ် ၂၀၀၀ လောက်ပေးရတယ်။ ကျနော်စီးတဲ့ ရထားဟာ မနက် ၈နာရီ မိနစ်၅၀မှာ စထွက်ပါတယ်။ အတွဲ ၄တွဲပါတဲ့ ရထားဟာ ထွက်ချိန်ကတော့ တိကျတယ်။ စားသောက်တွဲမပါဘူး၊ တွဲစောင့် အမျိုးသမီးရောင်းတဲ့ နက်စ်ကဖေးအထုတ်လေးတွေ အသားညှပ်ပေါင်မုန့် အထုတ်လေးတွေကို ဝယ်စားနိုင်တယ်။
ကျနော်က ပုံမှန်ဆိုရင် ချင်းမိုင်ကနေ ဘန်ကောက်သွားရာမှာ ရထားကိုသာ အားကိုးတယ်။ လေယဥ်စားရိတ်က မတတ်နိုင်ဘူး။ တလ နှစ်လကြိုဝယ်ရင် သက်သာပေမယ့် တပတ်လောက်သာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ကျနော့်အတွက်တော့ ရထားသည်သာ အဖြေဖြစ်တယ်။ ဒီတခါတော့ မနက်ရထား စီးကြည့်မယ်ဆိုပြီး ပတ်ဝန်းကျင်ရဲ့ မြို့ငယ်လေးတွေရဲ့ သဘာဝအလှကို ခံစားချင်တောကြောင့်လည်း စီးဖြစ်တာပါ။
တွဲကတော့ အတော်ဟောင်းနေပါပြီ။ အိမ်သာတွေကလည်း အိုမင်းနေပါပြီ။ ၁၉၅၃ ခုနှစ်လောက်က ပြေးခဲ့တဲ့ ရထားဖြစ်တာကြောင့် အသံပေါင်းစုံထွက်တာကိုလည်း အထင်းသားကြားနေရတယ်။ ဟိုဖက် ဒီဖက်တွဲတွေကိုသွားမယ်ဆိုရင်လည်း အားလုံး လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်။ ဘယ်လောက် အိုနေပြီလဲဆိုရင် တွဲစောင့်က ဘူတာတခုကို ရောက်တိုင်း တံခါးဖွင့်မဲ့ နေရာမှာ ဝါယာဘောက်စ်တခုရှိတယ် အဲဒီအထဲက ဝါယာကို ဆွဲလိုက်မှ တံခါးပွင့်သွားတယ် ခလုပ်တွေ အလုပ်မလုပ်တော့ဘူး။
ရယ်စရာ တခုပြောဖို့ ကျန်နေသေးတယ်။ ကျနော်စီးတဲ့ တွဲနံပါတ်က ၂ အဲဒီမှာ နိုင်ငံခြားသား အဖြူတွေများတယ်။ ရထားထွက်လို့ အားလုံး မှေးပြီးဇိမ်ယူနေတုန်းအချိန်
ကြွက်တကောင်ဖြတ်ပြေးသွားလို့ နိုင်ငံခြားသား ခရီးသွားတွေတောင် ထခုန်ကြတာကို မြင်ရတယ်။
တွဲစောင့်တဲ့ အမျိုးသမီးကတော့ ထိုင်းလို အဲဒါ ကြွက်မဟုတ်ဘူးဆိုပြီး ငြင်းချက်ပေးနေပါတယ်။ ဒါပေမယ့် ကြွက်ကိုတော့ လူတိုင်းသိနေကြတာပဲလေ မဟုတ်ဘူးလား။
ဒီလိုနဲ့ ထမင်းစားချိန်ရောက်တော့ ရောင်းအားအကောင်းဆုံးဟာ မာမားခေါက်ဆွဲခြောက်ထုတ်တွေကို ရေနွေးနဲ့ ဖျော်ပေးပြီး တဗူးကို ဘတ် ၂၀ နဲ့ ဝယ်စားရတာပါပဲ။ တချို့က တဗူးတည်းနဲ့ မဝလို့ နှစ်ဗူးလောက် ဝယ်စားနေကြတာ တွေ့ရတယ်။ ကျနော်ကတော့ ကော်ဖီကိုပဲ ခနခန ဝယ်သောက်နေမိတယ်။
လမ်းဘယ်ညာမှာ မြင်တွေ့ရတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတခုက ရထားလမ်းအသစ် ဘူတာအသစ် ကုံးကျော်တံတား အသစ်တွေ ဆောက်လက်စတွေပါပဲ။ ထိုင်းနိုင်ငံဟာ ဘန်ကောက်ကနေ တခြားနယ်တွေကို အမြန်ရထားစစ်စစ်နဲ့ ပြေးဆွဲဖို့ ပြင်ဆင်နေပါပြီ။
သက်သေပြလို့ရတာက အရင်က ဟွာလမ်းဖုန်း မြို့ထဲမှာ ရှိနေတဲ့ဘူတာကနေ အခုဆိုရင် ရထားအားလုံး ဆုံရပ်အသစ်ဖြစ်တဲ့ ဘန်ဆူဘူတာကြီးပါပဲ။ ဘူတာကြီးဟာ အလွန်ကျယ်လွန်းပါတယ်။ အခုမှ ပြီးစီးလက်စဖြစ်တာကြောင့် ရထားတွေတောင် နေသားမကျသေးတာ ပလက်ဖေါင်းတွေတောင် နေရာမကျသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ချင်းမိုင်ကနေ ထွက်လာတဲ့ ရထားဟာ လမ်းမှာ ၁၄ နာရီတိတိကြာပြီး သကာလ ဘန်ကောက်က ဘန်ဆူးဘူတာရုံကြီးကို ဆိုက်ပါတော့တယ်။ လေယဥ်နဲ့ဆိုရင် တနာရီဝန်းကျင်သာကြာတဲ့ ခရီးကို ၁၄ နာရီ တိတိစီးပြီးသွားရတာဆိုတော့ တကိုယ်လုံး ရိုက်နှက်ထားသလိုပါပဲ။ ဒါပေမယ့် ငယ်ဘဝအတွေ့အကြုံလေးနဲ့ ယှဥ်ပြီးရလိုက်တဲ့ အတွေ့အကြုံအသစ်ပါပဲ။
Comments