ခေါက်ဆွိုင်ဆိုတာ ထိုင်းလို ၊ မြန်မာလိုတော့ ခေါက်ဆွဲ။ ဆိုင်နာမည်ကိုက ခေါက်ဆွိုင် မဲ့ဆိုင် (Khao Soi Mae Sai) မြန်မာပြည်က အုန်းနို့ခေါက်ဆွဲ အရသာနဲ့ ခပ်ဆင်ဆင်တူနေတာရယ် အုန်းနို့တွေမများတာရယ်ကြောင့် အကြိုက်တွေ့ပါတယ်။ ဆိုင်ရဲ့ နေရာကတော့ ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆန်သိတန်ရပ်ကွက်ထဲမှာပါ။
ပုံမှန် မနက် ၈ နာရီလောက်ဆိုရင်စဖွင့်ပါပြီ။ ၉ နာရီလောက်ကနေ နေ့လယ်စာအချိန်ဆိုရင် ခရီးသွားတွေအများအပြားလာစားကြတဲ့အတွက် အမြဲလို လူတွေတန်းစီနေတဲ့ဆိုင်ပါ။
ဒီအတိုင်းစားပွဲထိုးကိုခေါ်ပြီးမှာလို့ မရပါဘူး။ စားပွဲပေါ်မှာ ထိုင်း အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးထားတဲ့ အမှာတော်စာရွက်လေးတွေကို ဘော့ပင်အဆင်သင့်နဲ့ ခွက်ကလေးထဲမှာ ထည့်ထားပေးပါတယ်။ အဲဒီစာရွက်မှာ ခေါက်ဆွိုင်ကို ကြက် ဝက် အမဲ နဲ့ ၃ မျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ ပြင်တဲ့နေရာမှာသွားပေးလိုက်ရင် အဆင်ပြေပါတယ်။ ဒါကမှာတဲ့အခါ ထူးခြားချက်ပါ။ တချို့ နိုင်ငံခြားသားတွေ မသိတော့ ခုံမှာထိုင်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ လုပ်နေတာနဲ့ ကြုံတိုင်း ဒီလိုရွေးရတယ်လို့ ပြောပြတော့မှ အော်ဆိုပြီး ဖြစ်ကြတယ်။
တချို့ လာစားတဲ့သူတွေအတွက်တော့ စားပွဲထိုးတွေက အဖက်မလုပ်တဲ့အတွက် အတော်အခက်တွေ့တဲ့ဆိုင်ပါ။ Google Review မှာတောင် ဆက်ဆံရေး ခက်ခဲတဲ့အကြောင်း ရေးထားတာ တွေ့ဖူးပါတယ်။
တခါတလေ ဆိုင်ရှင်ဘိုးတော် စိတ်မကြည်တဲ့ အချိန်နဲ့တွေ့ရင် ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။ ကျနော်တယောက်ကလွဲလို့ပေါ့။ ကျနော်လည်း မေ့ပြီး အဲဒီလိုခုံမှာထိုင်ပြီး စောင့်နေခဲ့ဖူးပါတယ်။ ဆိုတော့ အအော်ခံရပေါင်းများလာတော့ ဆိုင်ရှင်ဘိုးတော်က အားနာလာပုံရပါတယ်။ နောက်ဆို မအော်တော့ပါဘူး။ ကျနော်ဝင်လာတာကို မြင်တာနဲ့ “ခေါက်ဆွဲကိုင် ချိုင်းမိုင်” (ကြက်သားခေါက်ဆွဲပဲမလား) လို့ မေးပါတယ်။ အဲလို အလိုလိုက်လို့ စာရွက်ပေါ်မှာ မှတ်ပြီးမပေးရဘူးမထင်ပါနဲ့။ ပေးရတာပါပဲ။
နေ့လယ်စာအချိန်ဆိုရင် လူတွေများတဲ့အတွက် တိုကင်ယူတဲ့စနစ်ကို ကျင့်သုံးပါတယ်။ စားပွဲမရတဲ့သူတွေအဲဒီအနား နေပူပူအောက်မှာ တိုကင်ယူပြီး စောင့်ပေတော့ပဲ။ တိုကင်က စားသောက်ဆိုင်တွေမှာ သုံးနေကြတဲ့ တိုကင်ပြားလေးပါပဲ။ တီတီ ဆိုပြီး ကိုယ့်အလှည့်ကျရင် အော်တဲ့စနစ်ပါ။ စောင့်ရတဲ့အချိန်ကတော့ ခန့်မှန်း ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ပါပဲ။
ကဲ ဘယ်လိုစားသလဲဆိုတာကို ပြောပြမယ်။
သုံးတဲ့ခေါက်ဆွဲက ဂျုံခေါက်ဆွဲအပြားသေးသေးလေးတွေပါ။ ပန်းကန်ထဲမှာ ခေါက်ဆွဲရယ် ကြက်ပေါင်တစ်တုံးရယ် နံနံပင်နည်းနည်းရယ် ထည့်လာပေးတယ်။
အခြားပန်းကန်ပြားတချပ်ပေါ်မှာတော့ ကြက်သွန်ဥနီ သေးသေးလေးတွေကို ခြမ်းထားတဲ့ အခြမ်းလေး ၄ ခြမ်းလောက်၊ တရုတ် မုန်ညင်းချဥ်လို့ ပြောရမလား မုန်ညင်းချဥ်ကို ပါးပါးလှီးထားတာလေးတွေ ပါလာချပေးပါတယ်။ နောက်သံပုရာသီး တခြမ်းပါ ပါတယ်။ ဆိုလိုတာက အအီပြေအောင် မုန်ညင်းချဥ်ရယ် သံပုရာသီးရယ် ထည့်စားဖို့ပါပဲ။
အရေးကြီးတာက မွှေးနေအောင်ကြော်ထားတဲ့ ငြုပ်သီးကြော်ကို မမေ့ဖို့ပါပဲ။ ငြုပ်သီးကြော်လေးထည့်စားမှ အရသာပိုကောင်းသွားတယ်လို့ ထင်ပါတယ်။
အမျိုးသမီးတွေကတော့ ပါးစပ်နံမှာစိုးလို့လားမသိဘူး ကြက်သွန်နီကို မစားကြဘူး။ ကျနော်ကတော့ ကြိုက်မှကြိုက်။
တစ်ပွဲနဲ့ ဝဖို့ရာ မလွယ်လှပါဘူး။ တစ်ပွဲက ကျနော့်အတွက်တော့ နည်းပါတယ်။ လူမများတဲ့ အချိန်ဆိုရင် နှစ်ပွဲတခါတည်း မှာလိုက်ပါတယ်။ ဟုတ်ပါတယ် တခါတည်းမှာလိုက်တဲ့အခါ ပိုသေချာပါတယ်။ တခါတလေ မနက်အစောဆိုပေမယ့် ဧည့်သည်တွေ ကျလာရင် နောက်တခါမှာတဲ့အခါ စောင့်ရတတ်လို့ပါ။
ဆိုင်ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဆိုင်ဝန်ထမ်းတွေအားလုံးဟာ အမျိုးသမီးတွေချည်းပါပဲ။ ဆိုင်ရှင်ဘိုးတော်ကတော့ ပွဲပြင်တဲ့နေရာမှာ သူကိုယ်တိုင် တာဝန်ယူပါတယ်။ အိုးအကြီးကြီးတွေထဲမှာ ချက်ပြီးသားကြက်ပေါင်တွေ ပြုတ်ထားတဲ့ ဝက်သား အမဲသားတွေကို မြင်နေရပါတယ်။ သူ့မှာ ဘာမှ လျို့ဝှက်ချက်ဆိုတာ မရှိပါဘူး။
နေ့လယ်စာအချိန်ဆိုရင် အဲဒီဆိုင်နားတဝိုက်မှာ လူအုပ်စုတွေကို မြင်နိုင်ပါတယ်။ ဆိုင်တဆိုင် စီးပွားဖြစ်ပြီဆိုတာနဲ့ ကားအဝင်အထွက်များတာ လူတွေများတာရယ်ကြောင့် ဘေးပတ်ဝန်းကျင် စိတ်ရှုပ်မယ်လို့ ထင်ပါတယ်။ ထိုင်းလူမျိုးများဟာ အင်မတန်ကို စိတ်ရှည်ပါတယ်။ တစ်ဖက်သားကို နားလည်ပေးပါတယ်။
ဒီဆိုင်လေးကိုအမီပြုပြီး စီးပွားဖြစ်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီနေရာဟာ ကားပါကင် ရှားတာကြောင့် ကားရပ်ဖို့အတွက် မလွယ်ပါဘူး။ ဘယ်လိုဖြေရှင်းသလဲဆိုတော့ ဘေးနားမျက်စောင်းထိုးအိမ်မှာ ကားပါကင်နေရာ ၄ နေရာလောက်အိမ်ဝန်းထဲမှာ နေရာရှိပါတယ်။ အဲဒီနေရာကို ကားတစ်စီး ဘတ် ၃၀ နဲ့ စားနေတုန်းအချိန်မှာ ခနရပ်နားဖို့ အတွက် ဖြစ်လာပါတော့တယ်။
Comments