သတိရတယ် ပိုင်ရေ၊ မရောက်တာကြာတော့ ဒီအချိန်ဆို ဆောင်းရဲ့ အငွေ့အသက်နဲ့ ဆို အအေးပိုနေလောက်ပြီပေါ့။ ညစျေးတန်းဖက်ရောက်ရင် မူးပြီးစားရတဲ့ မြီးရှည် ၊ ပြီးတော့ ဗီယက်နမ် အသားညှပ်ပေါင်မုန့် ၊ လမ်းဘေးနားရောင်းနေတဲ့ ဘာမှန်းမသိပဲ ဝယ်စားမိတဲ့ ချိုဆိမ့်မုန့်လေးတွေ အဲဒါတွေကို လွမ်းမိပါရဲ့။
ကွေ့ကောက်တဲ့ လမ်းတွေ ၊ အမြင့်ကို တက်ရတဲ့ တောင်တန်းတွေကို ကျော်ပြီးမှ ချိုင့်ဝှမ်းထဲက မြို့ကလေး။ ဒီမြို့လေးကို ပိုင်တဲ့။ ကျနော်က အကျင့်ပါနေတော့ ပိုင်း ချည်းပဲ အသံထွက်နေတာ ထိုင်းစကားတတ်တဲ့ သူငယ်ချင်းကို မေးကြည့်တော့မှ "ပိုင်" တဲ့။
ဒီမြို့ဟာ ချင်းမိုင်ကနေ မယ်ဟောင်ဆောင်သွားတဲ့ လမ်းပေါ် ကီလိုမီတာ ၁၄၉ လောက်မှာရှိပါတယ်။
တောင်ကြောလမ်း အကွေ့အကောက်တွေများလွန်းတော့ ကားကိုသတိထားမောင်းရပါတယ်။ အရှေ့ကကားက နှေးနေရင် တချို့နေရာကျဥ်းကျဥ်းလေးတွေမှာ ကျော်မတက်ပဲစိတ်ရှည်ရှည်နဲ့သာ မောင်းသင့်တဲ့ လမ်းတွေပါ။ လမ်းခရီးရဲ့ တဝက်လောက်ရောက်ပြီဆိုရင် ချင်းမိုင်ကနေ အသွား လမ်းရဲ့ ဘယ်ဖက်မှာ ကော်ဖီဆိုင်တဆိုင်ရှိပါတယ်။
လမ်းခရီးက ဝေးတာမဟုတ်ပါဘူး အကွေ့အကောက်များလွန်းတော့ ပင်ပန်းတဲ့အခါ ဒီ The Witch ကော်ဖီဆိုင်မှာ ခနနားသင့်ပါတယ်။ ကားရပ်စရာလည်း ရှိတယ် နောက်တခုက ဒီကနေဆက်သွားပြီ ဆိုရင်တော့ တောင်အတက်တွေချည်းပဲ ဖြစ်တဲ့အတွက်လည်း နားကိုနားသင့်တဲ့ နေရာပါ။
ပိုင်မြို့
ပိုင်မြို့ဟာ ဟိုးအရင်နှစ်ပေါင်း ၂၀၀၀ လောက်က (မြန်မာနိုင်ငံ) ဖက်က ရှမ်းလူမျိုးတွေနေထိုင်ကြပါတယ်တဲ့။ သူတို့ဟာအပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်တဲ့ လူမျိုးတွေဖြစ်တယ်။ အဲဒီအချိန်က ထိုင်းမှာလည်း လန်းနဘုရင် (Lanna Kingdom) ထိုင်း မြောက်ပိုင်းကို အုပ်ချုပ်တဲ့ ဘုရင်က တဖြည်းဖြည်းချင်းနဲ့ သူ့ရဲ့ သြဇာကို လက်ခံဖို့ ဖိအားပေးလာတဲ့အခါမှာ အလွယ်တကူ လက်မခံဘဲ စစ်ပွဲတွေဖြစ်ကြပြီး ရှမ်းတွေရှုံးနိမ့်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ လန်းနဘုရင်အောက်ရောက်ပြီး တဖြည်းဖြည်းနဲ့ ထိုင်းဘုရင်အောက်ကို ရောက်တယ်လို့ ဆိုတယ်။
၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာလည်း မြန်မာနိုင်ငံကို တိုက်မဲ့ ဂျပန်တွေဟာ ထိုင်းနိုင်ငံ နေရာအနှံ့ကနေ စစ်ချီရာမှာလည်း ပိုင်ဖက်ကလည်း တကြောင်းစစ်ထိုးခဲ့ပါတယ်။
တကယ်တော့ ပိုင်မြို့တဝိုက်မှာ နေထိုင်ကြသူတွေဟာ ရှမ်းတွေဟာ မဲဟောင်ဆောင်မြို့နဲ့ ဆက်စပ်နေတာပါ။ မဲဟောင်ဆောင်မြို့တဝိုက်ဟာလည်း ယခင်အချိန်တွေတုန်းက ရှမ်းလူမျိုးတွေနေထိုင်ရာ အဖြစ်သမိုင်းမှာ မှတ်တမ်းရှိခဲ့ပါတယ်။
ဒီမြို့ကို လာရောက်သူအများဆုံးကတော့ သူဌေးသူကြွယ်တွေ မဟုတ်ပါဘူး။ ကျောပိုးအိတ်တစ်လုံး
ကို လွယ်ပြီး အလွယ်တကူ ခရီးသွားကြတဲ့ ဒေသပေါင်းစုံ နိုင်ငံပေါင်းစုံက လူငယ်လေးတွေများပါတယ်။ ထိုင်းနိုင်ငံ နေရာအနှံ့က ခရီးသွားတွေလည်း ပါတာပေါ့လေ။
ဟိုးအရင်ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အချိန်ကတည်းက ဒီမြို့မှာ ဝယ်သူသုံးစွဲနိုင်တာဟာ အကြီးမားဆုံးထူးခြားချက်ပါ။ ၂၀၂၂ နှစ်ပိုင်းလောက်တုန်းက ထိုင်းအစိုးရဟာ ဆေးခြောက်ကို တရားဝင် သတ်မှတ်လိုက်တာကြောင့် ကိုဗစ်အလွန်ကာလတွေမှာ ခရီးသွားတွေလည်း ပြန်လာကြ၊ ဆွဲဆောင်စရာ ဆေးခြောက်ဆိုင်တွေကလည်း မှိုလိုပေါက်ဆိုတော့ ထိုင်းတွေဟာ အာရှနိုင်ငံတွေထဲမှာ စီးပွားရေးမျက်လုံး တစ်လုံး ထပ်တိုးတဲ့ နိုင်ငံ ဖြစ်နေတာပေါ့လေ။
မဖြစ်မနေ ဆွဲဆောင်မှုရှိတာက ညစျေးတန်းပါပဲ။ သိတဲ့အတိုင်း ထိုင်းတွေရဲ့ ညစျေးတန်းဆိုတာ ဘာသာစုံ လူမျိုးစုံ အသားအရောင်ခွဲခြားမှု ဇီးရိုး။ ပြီးတော့ စားစရာတွေကလည်း ဆိုင်ပေါင်းစုံ အီတလီ အရသာ မပျက်စေတဲ့ ပီဇာဆိုင်၊ ဝိုင်ဆိုင်၊ အရက်ဆိုင်၊ ဗီယက်နမ်က ပေါင်မုန့်အသားညှပ် ဘယ်အရသာနဲ့မှ မတူတဲ့ အသားညှပ်ပေါင်မုန့်ဆိုင်တွေ။
ဒီလို ဆိုင်တွေကြားထဲ ဆေးခြောက်ရောင်းတဲ့ ဆိုင်တွေကလည်း ကွမ်းယာဆိုင်တွေလို ဟိုနေရာမှာလည်း တွေ့ ဒီနေရာမှာလည်း တွေ့ရတာပါပဲ။
အရမ်းကို ထူးခြားတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံ ရှမ်းပြည်ကနေ လာရောင်းတဲ့ မြီးရှည်။ မြန်မာလို မပီမသ နဲ့ ပြောတာကို နားထောင်ပြီး တပွဲကို ဘတ် ၄၀ တန် မီးရှည်ကို စားရတာအရသာ ပါပဲ။
Comments