top of page
Search

"ပန်ဒါ" ဒစ်ပလိုမေစီ ကုန်ဆုံးသွားပြီလား

  • Writer: Win Naing
    Win Naing
  • Nov 9, 2023
  • 1 min read

(Photo: National Zoo, Washington, D.C)

အမေရိကန် ဝါရှင်တန်ဒီစီမှာရှိတဲ့ အမျိုးသားတိရိစ္ဆာန်ဥယျဥ်ကနေ Mei Xiang and Tian Tian တို့အပြင် ၃နှစ်အရွယ် Xiao Qi Ji ပန်ဒါတွေကို Boeing 777 သီးသန့်လေယဥ်ပျံနဲ့ တရုတ်နိုင်ငံကို ပြန်ပို့လိုက်တဲ့ မြင်ကွင်းဟာ တရုတ် အမေရိကန်ဆက်ဆံရေး တဆင့်လျော့ကျလာတဲ့ အခြေအနေ ဖြစ်လာပြီလားဆိုပြီး ပန်ဒါချစ်သူတွေအကြား စိုးရိမ်သောကတွေ ဖြစ်လာပါတော့တယ်။


ပန်ဒါတွေဖြတ်သန်းသွားတဲ့ လမ်းမှာ ပုလိပ်အစောင့်အရှောက်၊ ဂျာနယ်လစ်တွေ အပြင် လမ်းဘေးဝယ်ယာမှာ လက်ပြနှုတ်ဆက်သူတွေနဲ့ ဆိုတော့ ပန်ဒါတွေဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ တရုတ် အမေရိကန် ဆက်ဆံရေးမှာ သူတို့ရဲ့ အထူးအရေးပါမှုကို ပြသနေတာဖြစ်ပါတယ်။


ပန်ဒါလေးတွေကို သယ်ဆောင်သွားတဲ့ လေယဥ်ကိုတော့ Panda Express လို့ ခေါ်ပြီးတော့ အဲဒီအပေါ်မှာဆိုရင် ပန်ဒါတွေအတွက် ဝါး ပေါင်ချိန် ၂၂၀ ကိုလည်း တင်ဆောင်သွားပြီးတော့ ၁၉ နာရီကြာ တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်မှာ သူတို့ကို စောင့်နေတဲ့ အခြားပန်ဒါ အကောင် ၁၅၀ ရှိတဲ့နေရာကို ခေါ်ဆောင်သွားတယ်လို့ New York Times သတင်းစာက The End of Panda Diplomacy? (ပန်ဒါ ဒစ်ပလိုမေစီ ကုန်ဆုံးချိန်ရောက်ပြီလားဆိုပြီး ) ရေးပါတယ်။


ပန်ဒါတွေကို အမေရိကန်နိုင်ငံကို စတင်ခေါ်ဆောင်ဖို့ အစပျိုးခဲ့သူကတော့ အမေရိကန်သမ္မတဟောင်း နစ်ဆင်ရဲ့ ဇနီး ပက်ထရစ်ရှာ နစ်ဆင် ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ တရုတ်နိုင်ငံကို သမ္မတနစ်ဆင် သွားရောက်လည်ပတ်တုန်းက ပက်ထရစ်ရှာဟာ ပန်ဒါလေးတွေကို စတင်တွေ့ဖူးပြီး ချစ်မိရာကနေ ၂ လအတွင်း တရုတ်နိုင်ငံကလည်း Ling-Ling and Hsing-Hsing (လင်လင်း နဲ့ ဆင်ဆင်း - အသံထွက်လွဲနိုင်ပါသည်) ပန်ဒါ ၂ ကောင်ကို ဒီစီမှာရှိတဲ့ အမျိုးသားတိရိစ္ဆာန်ဥယျဥ်ဆီ ပို့ပေးပါတယ်။ အဲဒီအချိန်က ကွန်မြူနစ်တရုတ်နိုင်ငံဟာ အပိတ်ဖြစ်နေတဲ့ သူတို့နိုင်ငံကို တံခါးဖွင့်ပေးဖို့အတွက် အမေရိကန်သမ္မတ နစ်ဆင်ကို ဖိတ်ကြားလိုက်တာလည်း ဖြစ်ပါတယ်။


အဲဒီလိုနဲ့ တရုတ် အမေရိကန်ဆက်ဆံရေးဟာ အနိမ့်အမြင့်တွေကြားထဲမှာ နှစ်ပေါင်းများစွာ ကောင်းမွန်လာခဲ့ပါတယ်။ သို့သော်လည်း လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးကတော့ တင်းမာနေဆဲ တိုင်ဝမ်အရေး ၊ တောင်တရုတ်ပင်လယ်အရေး ကုန်သွယ်ရေးစတဲ့ စစ်ပွဲယောင်ယောင်ဖြစ်နေတဲ့ကြားထဲမှာ ဆိုးဝါးလာခဲ့ပါတယ်။ ဒါ‌ကြောင့် ပန်ဒါတွေကို ပြန်ပေးဖို့ အတွက် တရုတ်က တောင်းဆိုတာလားဆိုပြီး ထင်ကြေးပေးနေကြတာပါ။


တကယ်တော့ ဒီလိုပန်ဒါလေးတွေကို အမေရိကန်မှာ ပြသထားတာအတွက် တတွဲကို အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးရပါတယ်။ အရင်တုန်းက တတွဲကို အမေရိကန်ဒေါ်လာ တစ်သန်းအထိ ရှိခဲ့တယ်လို့ ဆိုတယ်။


အမေရိကန်နိုင်ငံမှာ အတ္တလန်တာ ၊ ဝါရှင်တန်ဒီစီ ၊ မန်းဖစ် Memphis နဲ့ ဆန်ဒီယေဂို တိရိစ္ဆာန်ဥယျဥ် ၄ ခုမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ပန်ဒါလေးတွေဟာ သူတို့ မူလပိုင်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်ကြရတော့မှာပါ။


(New York Times တွင်ရေးသားသည့် Edward Wong ၏ The End of Panda Diplomacy? အား အကျဥ်းချုံး ဘာသာပြန်ပြီး အခြားဝက်ဆိုက်များမှ မှီငြမ်းသည်။ ဓါတ်ပုံများအား အမျိုးသား တိရိစ္ဆာန်ဥယျဥ်ဝက်ဘ်ဆိုက်မှ ရယူသည်။ )


(https://nationalzoo.si.edu/news/giant-pandas-depart-smithsonians-national-zoo-and-conservation-biology-institute-for-china တွင် ပန်ဒါများနှင့် ပတ်သက်သည့် ရေးသားချက်များ ဓါတ်ပုံများ ဗီဒီယိုများ အခမဲ့ ဖြန့်ဝေပေးပါသည်။)

 
 
 

Comments


Road To Rangoon

©2023 by Road To Rangoon . Proudly created with Wix.com

bottom of page