ဘယ်လူမျိုးတွေက ခရီးပိုသွားကြသလဲ
- Win Naing
- Nov 9, 2023
- 1 min read

လူ့ဘဝကို ခရီးတစ်ခုအနေနဲ့ တိုင်းတာကြမယ်ဆိုရင် လူသားတွေဟာ ခရီးသွားတွေပါပဲ။ ခရီးသွားတွေဆိုပေမယ့် သွားတဲ့အတိုင်းအတာတော့ မတူကြဘူး။ တစ်ချို့တွေဟာ ခရီးရှည်တွေသွားနေပေမယ့် လိုရာကို မရောက်သေးပါဘူး၊ တစ်ချို့တွေကြတော့ သူတို့ လိုချင်တဲ့ ခရီးတိုင်းကို အချိန်တိုတိုအတွင်း ရောက်အောင်သွားနိုင်ကြတယ်။
အဲဒီလို ခရီးပေါင်းများစွာကို အချိန်တိုတိုအတွင်း သွားနိုင်ကြသူတွေဟာ ကံထူးသူတွေလို့ ဆိုကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးအပ်ထားတဲ့ အချိန် အလုပ် ငွေဆိုတဲ့ အရာကို သေချာစွာ စုဆောင်းပြီးတော့မှ ခရီးစဥ်တစ်ခုချင်းစီကို အသေအချာ စီစဥ်ကြသူတွေပါ။
ခရီးထွက်တာများတဲ့ တိုင်းပြည်တွေစာရင်းကို ကြည့်လိုက်တော့လည်း သိပ်ပြီး မအံ့သြမိဘူး။ အောက်မှာ တွေ့ရတဲ့အတိုင်းပါပဲ ကမ္ဘာပေါ်မှာ ခရီးသွားတာအများဆုံးကတော့ ဖင်လန်နိုင်ငံသားတွေပါတဲ့။ ဒုတိယလိုက်တာကတော့ အမေရိကန်နိုင်ငံသားတွေပါ။ အဲဒီအထဲမှာ အံ့သြစရာ ကောင်းလွန်းတဲအချက်က နံပါတ် ၆ လိုက်နေတာ ဟောင်ကောင်တရုတ် တွေပါတဲ့။ ကျနော်အတော်အံ့သြသွားတယ်။
World Atlas ဆိုက်ရဲ့ အဆိုအရတော့ ခရီးထွက်တာများတဲ့နိုင်ငံတွေကို လေ့လာမယ်ဆိုရင် ပထမတချက်ကတော့ ဝင်ငွေကောင်းတဲ့နိုင်ငံဖြစ်ရမယ်။ ဒုတိယအချက်ကတော့ အရေးကြီးပါတယ်။ အဲဒါက အဲဒီလို လူမျိုးတွေဟာ အမြင်ကျယ်တယ်၊ တခြားယဥ်ကျေးမှုတွေကို လေ့လာလိုက်စားလိုသူတွေဖြစ်တယ်၊ ဖေါ်ရွေတယ်တဲ့။
နောက်ထပ်အရေးကြီးတာကတော့ သူတို့ တိုင်းပြည်တွင်းမှာ ခရီးသွားခြင်းဟာ ကုန်ကျစရိတ်ကြီးလွန်းတာလည်း ပါတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ လက်တွေ့ကျတဲ့အချက်တွေပါပဲ။ ခရီးသွားတယ်ဆိုတာကလည်း ငွေမရှိပဲသွားလို့ရတဲ့ ခရီးမှ မရှိတာ။
အမေရိကန်တွေဟာ သူတို့နိုင်ငံအတွင်းမှာပဲ ခရီးသွားကြတာများတယ် ဘာလို့လည်းဆိုတော့ တိုင်းပြည်က ကြီး လည်စရာ ပတ်စရာတွေလည်းများတာတကြောင်း နောက်တခါပြင်ပကမ္ဘာကိုသွားမယ်ဆိုရင်လည်း အမေရိကန်အတွက် ခရီးသွားလာတာတွေကို ဂရုစိုက်ကြဖို့ တိုက်တွန်းချက်တွေကလည်း ရှိနေပြန်တော့ သူတို့ဟာ အိမ်တွင်းပုန်း ခရီးသွားတွေပါပဲ။
ထိုင်းနိုင်ငံမှာ ဒီအချိန်ဟာ ခရီးသွားရာသီပါ။ တရုတ်တွေလာတာနည်းသွားတဲ့အတွက် သူတို့ စိတ်မကောင်းဖြစ်နေကြရတယ်။ ကျနော်တို့လည်း စိတ်မကောင်းဘူးလေ။ ဘာလို့လည်းဆိုတော့ ထိုင်းဟာ ဒုတိယအိမ် ဖြစ်နေပြီ မဟုတ်လား။ တကယ်တော့ တရုတ်လူမျိုးတွေဟာ ထိုင်းကို လာလည်တာ များပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ခါနီးလောက်က ထိုင်းဝန်ကြီးချုပ်အသစ်ဟာ ပထမဆုံး တရုတ်ခရီးသွားတွေကို လေဆိပ်မှာ အခမ်းအနားနဲ့ ကြိုဆိုပါတယ်။ ဒါဟာ တရုတ်ခရီးသွားတွေကို ဘယ်လောက် အလေးထားသလဲဆိုတာ ပြနေတာပါပဲ။ ဒီနှစ် ခရီးသွားရာသီအတွင်း တရုတ်တွေကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သလို ရာသီအတွင်း တရုတ် ခရီးသွားအရေအတွက် လာမယ့် ဖေဖေါ်ဝါရီလအထိ ၅ လအတွင်း ၂.၈ သန်းလောက်ခန့်မှန်းထားတယ်လို့ ရိုက်တာ သတင်းက ရေးသားပါတယ်။
တချိန်တည်းမှာပဲ ရုရှတွေကို ရက်ပေါင်း ၉၀ နေထိုင်ခွင့် ထုတ်ပေးလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုတယ်။ ရုရှတွေကို ဘာကြောင့်ထုတ်ပေးတာလဲ။ ရုရှက ပိုက်ဆံရှိသူအများစုဟာ ပူတင်ရဲ့ စစ်ပွဲကို မုန်းတဲ့သူတွေရယ် သူတို့ တိုင်းပြည်မှာ ဘယ်အချိန် စစ်တပ်ထဲအတွင်းဝင်ခိုင်းမလဲဆိုတာကို ကြောက်ရွံ့သူတွေ လာနေကြတာပေါ့။ လာစတေးရှောင်တဲ့ တိုင်းပြည်ပေါ့။ မည်သို့ပင်ဆိုစေကာမူ ခရီးသွားနေကြတာပါပဲ။ ထိုင်းကတော့ ပျော်ပြီပေါ့။
ရုရှအပြင် တိုင်ဝမ် အိန္ဒိယတို့ကိုလည်း ရက်ပေါင်း ၃၀ အလည်ဗီဇာခွင့်ပြုလိုက်တယ်လို့ဆိုတယ်။
မြန်မာတွေကတော့ ထိုင်းကို နီးလမ်းပေါင်းစုံနဲ့ ဝင်ထွက်နေကြတာ အပေါ်ကလာလည်မယ်ဆိုရင် ၁၄ ရက် ဗီဇာ ရတယ် ပြီးတော့ သက်တမ်းထပ်တိုးပေါ့။ မြန်မာအတွက်ဆိုပြီးတော့ သီးသန့် ဗီဇာကင်းလွတ်တာတော့ မကြားရသေးပါဘူး ဘာလို့လည်းဆိုတော့ လိုမှမလိုတာ။ ဘယ်လောက်ပဲ ကင်းလွတ်ခွင့် ပေးပေး မပေးပေး လာကြမယ်ဆိုတာ သိနေတာပဲလေ။
Comments